မှောင်မိုက်လွန်းတဲ့ ကျွန်တော့် ဘ၀ထဲကို အလင်းပြပေးတဲ့ အလင်းအိမ် ကို ရှာဖွေတွေ့ရှိခဲ့ပြီ ။
ကောင်မလေးတစ်ယောက်ပါ ။ အဲ့ဒီကောင်မလေးပဲလေ ကျွန်တော့်ရင်ထဲမှာ နက်နက်ရှိုင်းရှိုင်း နေရာယူထားတာ . .. ။ တိတိကျကျပြောရရင်တော့ ကျွန်တော် သိပ်ချစ်တဲ့ ကောင်မလေးပါ ။ ကောင်မလေးလို့တာ ပြောရတာ အသက်ချင်း ပြန်ယှဉ်လိုက်ရင် ကျွန်တော့်ထက်သူက ၁ နှစ် ၁ လ နဲ့ ရက် ၂၀ လောက်ပိုကြီးပါတယ် ။ သူမကို ကျွန်တော်က “မမ” လို့မခေါ်ပေမယ့် ။ သူမက ကျွန်တော့်ကို ကျွန်တော်မကြိုက်မှန်းသိလို့ “မောင်လေး” လို့ တခါတခါ နောက်ပီး ခေါ်တတ်ပါတယ် ။ သူမက တခါတခါ ကလေးစိတ်နဲ့ လူကြီးဆန် နေတတ်သလို ၊ တခါတခါ ကျတော့ လူကြီးစိတ်နဲ့ ကလေးဆန်နေတတ်ပြန်တယ် ။ ကျွန်တော် သူမ နာမည်ပြောင် ရှေ့မှာ “ရွှေ” တပ်ပြီး ခေါ်တတ်ပါတယ် ။ (ဘာလို့လဲ ဆိုတော့ သူမက အရမ်းချစ်စရာကောင်းလို့ပါ ) ။ သူမမှာရော ကျွန်တော့်မှာပါ အတိတ်က ပုံရိပ်တွေ ရှိခဲ့ကြပါတယ် ။ ဒါပေမယ့်လဲ ကျွန်တော် သူမကို ချစ်ပါတယ် ။
သူမက “အသံ”တွေကို စိတ်ဝင်စားတဲ့ ကောင်မလေးပါ ။ သူမကို “အသံ” တွေက ဆွဲဆောင်နိုင်တယ် ။ သူမက အသံ တွေနဲ့ ဆွဲဆောင်နိုင်တယ် ။ ဟုတ်ပါတယ် ။ ကျွန်တော့် ကောင်မလေးက အသံ သိပ်ကောင်းပါတယ် ။ သူမ အသံတွေထဲမှာ ချစ်ခင်စရာ ၊ ကြင်နာစရာ ၊ ခင်မင်နိုင်စရာ တွေ ပေါင်းစပ်ဖွဲ့စည်းထားပုံ တူပါရဲ့ ။
သူမက မချောပါဘူး ။ ဒါပေမယ့် သူမက ချစ်စရာကောင်းပါတယ် ။ သူမပုံက ပိန်ပိန်ပါးပါးလေးပါ ။ ဒါပေမယ့် သူ စိတ်ညစ်လာတဲ့ အခါကျရင် အစားအသောက် အသားကုန် စားပါတယ် ။ ပေါတောတောနဲ့ ပေါက်ကရတွေလဲ လျှောက်လုပ်တတ်ပါတယ် ။ (ဥပမာ – လိမ္မော်ရည် သောက်ပီး သိပ်မကြာခင်မှာ နွားနို့ ထပ်သောက်တတ်ပါတယ် ။ ) သူမက သူ့ကို ဆရာကြီးလေသံနဲ့များ ပြောမိရင် အဟောက်ခံရပါသေးတယ်ဗျ . .. (ဟီး) ။ တခါတခါ သူမ အရမ်းပျော်တဲ့အချိန်တွေ သူမ အရမ်းစိတ်ညစ်နေတတ်တဲ့ အချိန်တွေမှာ ကျွန်တော့်ကို “အရူးမ ၊ လဒမ ၊ @#$%^ ” နဲ့ အဲ့လိုလေးတွေ ပြောတတ် ဆိုတတ်ပါသေးရဲ့ ။ ဒါပေမယ့် ကျွန်တော် ပျော်မိတယ်ဗျ ။ တခါတခါ သူမနဲ့ မတွေ့ရတာ ကြာလာရင် သူမရဲ့ အဲ့လို ပြောသံဆိုသံတွေကို အရမ်း သတိရတယ် ။ သူမကလဲ ပြောပါတယ် “ မသာမလေး …. ၊ နင်ရူးနေပြီတဲ့ ” ။ သူမရဲ့ အပြုအမူတွေတိုင်းက ကျွန်တော့်အတွက် အမြတ်တနိုးသိမ်းထားမိတဲ့ အမှတ်တရတွေချည်းပါပဲ ။
ဘာပဲဖြစ်ဖြစ်ပါ ။ ကျွန်တော့်ဘ၀ရဲ့ နဘေးမှာ အားပေးဖော် အလင်းအိမ် တလုံးလေးပါ ။ သူမရဲ့ လက်ကို ဆုပ်ကိုင်ပီး ကျွန်တော် ဆက်လျှောက်လှမ်းနေမယ် ။ ကျွန်တော်ဘက်မှာ ဘယ်သူမှ မရှိလဲ သူမရှိနေလိမ့်မည် ။ သူမဘက်မှာ ဘယ်သူမှ ရှိမနေနိုင်လဲ ကျွန်တော် ရှိနေမည်ဆိုတာ သေချာပါတယ် ။ ဘ၀မှာ နဘေးနားက အားပေးဖော် အလင်းအိမ်ဆိုတာတော့ လိုအပ်မယ်လို့တော့ ကျွန်တော် ထင်ပါတယ် ။
(အမှတ်တမဲ့မှ အမှတ်တရများဆီသို့ . . . .)
