ထိုနေ့က နေပူသည် ။ ထိုနေ့မှာပဲ မိုးရွာသည် ။ ထိုနေ့မှာပင် ချမ်းစိမ့်စိမ့်နှင့် အေးလာခဲ့ဖူးသည်။
ထွက်သက်နှင့် ၀င်သက်တို့ကြားတွင် ဘ၀ရှိခဲ့ဖူးသည် ။ ထွက်သက်နှင့် ၀င်သက်တို့ကြားမှာပင် ဘ၀ပျက်ခဲ့ဖူးသည် ။ လုံခြုံမှုရှိတဲ့နေရာမှာ ကြောက်ရွံ့ခဲ့ဖူးသလို ကြောက်ရွံ့မှုကြီးစိုးနေချိန်မှာပင် လုံခြုံခဲ့ဖူးသည် ။
ရှိစေတော့ ‘ရွှေ’ ။ ငါကိုယ်တိုင်လည်း နင့်အပေါ် ပုံအပ်ပေးဖူးသူ တစ်ယောက်မို့။
တိမ်ပေါ်မှာပဲ ကောက်ကြောင်းခြစ်ခဲ့ဖူးတယ် ။ လေတိုက်နှုန်းပြောင်းလဲလာတော့ ငါကိုယ်တိုင် ဘယ်ရောက်သွားလို့သွားတယ်ဆိုတာ မသိခဲ့ဘူးလေ ။
တကယ်ဆို နင်လဲ နေရာတကျ ၊ ငါလဲ အတည်တကျ ဖြစ်ရတော့မှာလေ ။ စိတ်ကိုကုစားဖို့အတွက် ၃၆၅ ရက်တိတိ ငါ့ကိုယ်ငါ လှည့်စားဖူးရဲ့ ။ အစီအစဉ်မကျပေမယ့် တော်တော်ပင်ပန်းတယ်။
ဖြတ်သန်းခဲ့ဖူးတယ် . . . . . ။ ရူးရူးမိုက်မိုက်ကို ဖြတ်သန်းခဲ့ဖူးပါတယ် ။ ပင်လယ်ကိုဖြတ် ၊ တောင်တွေကိုကျော်ဖို့မပြောနဲ့ ကမ္ဘာတစ်ပတ်ပြည့်အောင်လည်ဖို့ကို ထိုင်စောင့်နေရတာတောင် စိတ်သိပ်မရှည်ချင်ဘူး ။
တံခါးတစ်ချပ်ပဲခြားပေမယ့် ဟိုဘက်နဲ့ ဒီဘက် သော့ကိုယ်စီ ခတ်ထားကြတာလေ ။ နှလုံးသားနုနုကို ကျောက်စက်နဲ့စားလိုက်သလို နင့်နာမည်တွေဆူညံ ၊ နှလုံးသွေးတို့ကရဲခနဲ ၊ သံယောဇဉ်လက်ကျန်က တည်းတည်းကျန်တော့တယ်။
နင့်အတွက် စာအုပ်တစ်အုပ်သာ ဖြစ်ခွင့်ရမယ်ဆိုရင် ဘာမှမရေးရသေးတဲ့ စာရွက်လွတ်တွေနဲ့ ပြည့်နေတဲ့ စာအုပ်တစ်အုပ်ဖြစ်ချင်သလို နင့်နာမည်အပြည့်ရေးထားတဲ့ စာအုပ်တစ်အုပ်လဲ ဖြစ်ခွင့်ရချင်သေးတယ် ။
ကပ္ပလီပင်လယ်ပြင်မှာ မုန်တိုင်းရှိတာ ကျွန်တော် မသိပါ ။ မနက်စာစားပြီးပြီလား ကျွန်တော်မသိပါ ။ မနေ့ညက အိပ်ခဲ့ရလား ကျွန်တော်မသိပါ ။ ပြဿဒါးလား ရက်ရာဇာလား ကျွန်တော်မသိပါ ။ ပြန်လည်မတွေးရဲ၍ မေ့ပစ်ခဲ့ဘူးသည် ။
ထိုနေ့က နေပူသည် . . . . . . . . . . . ။
ထိုနေ့မှာပဲ မိုးရွာသည်. . . . . . . . . . ။
ထိုနေ့မှာပင် ချမ်းစိမ့်စိမ့်နှင့် အေးလာခဲ့ဖူးသည် ။