တစ်ရက်က ကျနော်ဘာရယ်မဟုတ်ဘဲ လူတွေကိုစောင့်ကြည့်ချင်တာနဲ့ လမ်းလျှောက်ပြီး သိပ္ပံလမ်း နဲ့ ၆၇ လမ်း ထောင့်က ဘတ်(စ်)ကား မှတ်တိုင်မှာ တယောက်ထဲ ထိုင်ပြီး အလုပ်ဆင်း ရုံးဆင်းလာတဲ့ လူတွေကို ငေးနေခဲ့မိတယ် . . ။ (တစ်ယောက်သော ချစ်သူသာ ကျနော်နဲ့ အတူရှိနေရင် ညနေဟာ အလွမ်းတွေကို လှပစေနိုင်လိမ့်မယ်လို့ ထင်မိရဲ့). . ။ကျနော်နဲ့ အတူတူ အဲ့ဒီနေ့က အရှေ့ဘက်ကုန်းမြင့်ဆီက တောင်တန်းညိုတွေ ၊ နောက်ပီး လမ်းလယ်ကျွန်းမှာရှိတဲ့ ပန်းခုံလေးတွေကလဲ လေပူတွေနဲ့အတူ စောင့်ကြည့်ခဲ့ကြတယ် . . ။ (ခုံတန်းဘေးက ခွေးလေးတကောင်ကတော့ နွေပူကို ညီးညူရင်း ငိုက်မြည်းနေလေရဲ့) ။
ကြည့်နေရင်းက အနောက်ဘက် နေမင်းနန်းကျခါနီးမှာ မန်းလေးရဲ့ ဂုဏ်ဒြပ် တခုလို့ပြောလို့ရတဲ့ စက်ဘီးအုပ်တွေ စတင်ဝင်ရောက် ချည်းကပ်လို့လာနေပီလေ. . ။ မန္တလေးက လွန်ခဲ့တဲ့ (၁၀) နှစ်ကနဲ့ မတူတော့ဖူး . . တော်တော်လေး ပြောင်းလဲကုန်ပီ .. ။ ယဉ်ကျေးမှု ၊ လူနေထိုင်မှု စရိုက်တွေ ၊ ပတ်ဝန်းကျင်တွေ . . အကုန်အရင်ကနဲ့ မတူတော့ဘူး . . ။ ဒါပေမယ့် စက်ဘီးယဉ်ကျေးမှုကတော့ အခုထိ မကွယ်ပျောက်သေးတာကို တွေ့ရတယ် . . ။ စက်ဘီးမြို့တော်လို့ ခေါ်တွင်ခဲ့တဲ့ မန်းတလေး အခုဆိုရင် တရုတ်ပြည်လုပ် ဆိုင်ကယ်လေးတွေနဲ့ ထိုးဖေါက်လာတာကို မြင်တွေ့နေရတယ် . . ။ တိုးတက်မှုတွေဟာ ကောင်းလား . . .? ဆိုးလားဆိုတာတော့ ကျနော်မဝေဖန်တတ်ပါဖူး . . ၊ မြင်ကွင်းထဲကို အမြန်မောင်းနှင်လာတဲ့ လိုင်းကား ၂စီး တွေ့ရတယ်. . . . ၂စီး စလုံးမှာ ခရီးသည်တွေ အကြပ်အညပ် တင်ဆောင်ထားပီး . . နောက်လိုက်စပယ်ယာတွေက မြောက်ပင့်တိုင်း ဒရိုင်ဘာက ရှေ့ကနေ ပညာပြပါတယ် …။ သူတို့ကို ကြည့်ပီး နောက်ကခရီးသည်တွေ အစားကျနော် အသက်ရှူကြပ်မိတယ် . . .။
ရုံးဆင်း ရုံးပြန် ၊ အလုပ်ဆင်း အလုပ်ပြန်တွေနဲ့ သိပ္ပံလမ်းဟာ ပြည့်စုံနေတယ် .. ။ လမ်းအပြည့်နီးပါး နေရာယူထားတဲ့ စက်ဘီး ၊ ဆိုင်ကယ် နဲ့ လိုင်းကားပေါ်ကလူတွေထဲမှာ လူတန်းစားပေါင်းစုံ အလွှာပေါင်းစုံကလူတွေ ၊ နေရပ် ပေါင်းစုံ ဋ္ဌာနပေါင်းစုံကလူတွေပါတယ်. . ။ တချို့က နေညိုလေပျိုနေကြတဲ့ တုန်ရီနေတဲ့ လက်တွေ ၊ လုပ်အားခ ရလို့ လင်းလက်နေတဲ့ မျက်ဝန်းတွေ ၊ အဆင်မပြေမှုတွေကြောင့် လေးလံနှေးကွေးနေတဲ့ သက်ပြင်းသံ ခပ်မှိုင်းမှိုင်းတွေ. . . ဘ၀ ဆိုတာ ရုန်းကန်မှု ရယ်လို့ အဓိပ္ပါယ်ဖွင့်ကြသူတွေရဲ့ ၊ ပျော်ရွှင်မှုတွေ ၀မ်းနည်းမှုတွေ ကြည်နူးမှုတွေ ရန်လိုမှုတွေနဲ့ ငြိမ်းချမ်းတည်ငြိမ်မှုတွေ ၊ အများကြီးပါပဲ နေ၀င်ချိန်ကို နှုတ်ဆက်နေကြတယ် . . . ။ ယောကျာင်္း ၊ မိန်းမ ၊ လူငယ် ၊ လူကြီး အရွယ်စုံ ဆိုဒ်စုံ အနောက်ဖက်ဆီမှ အရှေ့ဘက်ဆီသို့ လှမ်းလာနေပုံက အိပ်တန်းတက် ငှက်လေးတွေလိုပါပဲ . . . ။ (အရင်တချိန်က ခြေသလုံးတုတ်တဲ့ ရွှေမန်းသူတွေ ဒီနေ့အချိန်မှာ ဆိုင်ကယ်မောင်းရင်း ခြေသလုံးသွယ်နေကြပီလို့လဲ တွေးမိရဲ့ ) ။
လခြမ်းကွေးလေးကလည်း တာဝန်လွဲပြောင်းဖို့ အသင့်ဖြစ်နေပီ . . ။ ကျန်ရှိနေတဲ့ အလင်းရောင်တချို့ကို သိမ်းဆည်းရင်း နေ၀င်ခဲ့ပြီ . . ။ အလုပ်ဆင်းတာ နောက်ကျတဲ့ လူတချို့နဲ့ ဖြတ်သွားဖြတ်လာ စက်ဘီးတချို့ ဆိုင်ကယ်တချို့နဲ့ လိုင်းကားတစီးတလေလောက်ပဲ မြင်ရတော့တယ် . . .။ ညအလှကို ငွေလနဲ့ အတူ လမ်းမီးတိုင်လေးက ကိုယ့်ကိုကိုယ် ထွန်းညှိရင်း ပံ့ပိုးလိုက်တယ်. .. ။ ဘေးနားကို ကြည့်မိလိုက်တော့ ငိုက်နေတဲ့ ခွေးလေးက ဘယ်အချိန်ကတည်းက ထသွားလဲ မသိပါဖူး . . သူလဲ ညစာသွားရှာစားတယ် ထင်ပါရဲ့ . . ။
အချိန်တန်ပြီ . . . . ။ ထို့ကြောင့်ကျနော် အိမ်ပြန်ခဲ့သည်. . .။ ပြန့်ကျဲနေတဲ့ အတွေးပေါင်းစုံကို ထုပ်ပိုးရင်း . . . . . လာလမ်းအတိုင်းပြန်ခဲ့သည် . . . . ။ မိုးချုပ်နေလေပြီ . . . .။
(ဒီ Essay လေးကို နေ၀င်ချိန်တချိန်ကို ငေးကြည့်ပီး တွေးမိသလောက် ရေးကြည့်မိတာပါ . . . ။)

6 comments
Comments feed for this article
May 6, 2009 at 8:46 am
လွန်
နာတဲ တိပ်တော်ဒယ်… မွ..
May 9, 2009 at 11:39 am
နန်းညီ
သဘောကျတယ်.. သဘောကျတယ်.. သဘောကျတယ်..
July 10, 2009 at 3:01 pm
ယု
ဘယ်ဆိုးလို့လဲ . . . တော်သေးတယ်အဲဒီနေ့က ငါ နင့်ရှေ့က ဖြတ်မသွားမိလို့
July 10, 2009 at 7:55 pm
nyiminn
ကျနော့်ရှေ့ဖြတ်လျှောက်မိလဲ ရေးမှာပဲ. . .ဟိဟိ
အစ်မ ပိုစ့်တွေ မတွေ့ပါလား. . . (ကြယ်စင်)
July 11, 2009 at 12:33 pm
မေကျော်
မသိဘူး .. မရှိဘူး… ဆိုရင် *ဘ*..
မလုပ်ဖူးဘူး…. မသုံးဖူးဘူးဆိုရင် *ဖ* နဲ့သုံးရမယ်တဲ့… ကြုံကြိုက်လို့ပြောတာပါ…
ဒီအက်ဆေးလည်းကောင်းတယ်….
July 12, 2009 at 10:42 am
nyiminn
ဟုတ်ကဲ့ပါဗျ. . . .ကျနော် သတိမထားမိလို့ပါ . . .ပြန်စစ်ချိန်တောင်မရဖူး. .. ဒီအတိုင်းရေးပီး တင်ဖြစ်သွားတာ. . .
(အခုလို သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ) အကျင့်တခုရသွားတာပေါ့ ပြန်စစ်တဲ့အကျင့်လေ. . ..