Dell Optiplex GX520

ကျွန်တော် အခုလောလောဆယ် သုံးနေတဲ့ PC ကို ဘာရယ်ဟုတ်ပါဘူး ဒီဇိုင်းလေးဆွဲကြည့်မိတာပါ. . ။

By nyiminn Posted in Design

ရပ်တန့်သွားသော အသက်ရှူသံများ

နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတဲ့ညချမ်းလေးမှာ . . ကံကြမ္မာရဲ့ နှင်းငွေ့ကြားက လက်သီးပုံးတစ်ချက်ကို ဘယ်သူမှ ကြိုမမြင်ခဲ့ကြဘူးလေ။

အုန်းအုန်းကျက်ကျက်လူတွေကြား မီးညွန့်မီးစွယ်တွေက တဟုန်းဟုန်းတောက်လောင်နေတယ် ။

အန္တရာယ်သတိပေး အချက်ပြမီးတွေက တလက်လက်နဲ့ပေါ့ ။ ကျယ်ကျယ်လောင်လောင် အော်ဟစ်သံတွေနဲ့ ပူဆွေးနေတဲ့ လူတွေရဲ့ရင်ထဲကအပူမီးတွေဟာ အပြင်ဘက်ကလောင်နေတဲ့မီးနဲ့ အပြိုင် ။ 

သက်စွန့်ဆံဖျား တာဝန်ကျေတဲ့ လူတစ်ချို့ သတ္တိသွေးတွေ ပြလိုက်ကြတာ သူနိုင်ငါနိုင် အပြိုင်ကြဲနေကြလေရဲ့ ။

နောက်ဆုံးတော့လဲ ကယ်တင်ရှင်တွေက အားလုံးထက်ပိုစတေးပြီး ကျန်ရှိသူအများကို နှုတ်ဆက်သွားကြတယ်။

ပြန်တမ်းထုတ်ချိန်အပြီးမှာ မိသားစုတွေ ဆောက်တည်ရာမဲ့ ။ရဲဘော်ရဲဘက်တွေက စစ်ခရာမှုတ် ဂုဏ်ပြုနေပေမယ့် သူရဲကောင်းတွေ မကြားနိုင်တော့ပြီ။ ထာဝရလဲလျောင်းသွားသူတွေရဲ့ နာမည် ကျောက်စာပေါ် သွေးချင်းချင်းနီရဲသည်အထိ လက်တို့နဲ့မော်ကွန်းထိုး ။

ငါတို့အားလုံးဟာ မျက်ရည်စတွေကိုယ်စီသုတ်ရင်း ဂုဏ်ယူစွာ အလေးပြုလိုက်ပါတယ်။ ကျုပ်တို့ရင်ထဲမှာ ရဲဘော်မသေ သေသော်ငရဲမလား ဆိုတဲ့ အဖြေတွေ ရင်မှာပိုက် ရင်ခွင်ပက်လက်နဲ့ပဲ ငါတို့ နောက်ကြောင်းပြန်ခဲ့ကြတယ်။

မင်းကောင်းရာသုကတိလားမှာပါကွာ . . . . ။

 

By nyiminn Posted in Essays

Tropico 3

ဒီဂိမ်းလေးကိုတော့ဖြင့် အခုတလော ဆော့ဆော့နေတာ မဆိုးဘူးလို့ပြောလို့ရပါတယ် ။ ကျွန်းလေးတစ်ကျွန်း ပေါ်မှာ မြို့လေးတစ်မြို့ကို တည်ဆောက်ရတာဖြစ်ပါတယ် ။ လွယ်တော့မလွယ်ပါဘူး ။ လယ်သမား ၊ အလုပ်သမား ၊ ပညာတတ်လူတန်းစား ၊ အထက်တန်းလွှာ ၊ အားလုံးအလုံးကို ယေဘုယျကျကျ ထိန်းချုပ်ကစားရပါတယ် ။ ဇာတ်လမ်းအတိုင်းဆော့မယ်ဆိုရင် ရွေးကောက်ပွဲတွေဘာတွေပါ လုပ်ပေးရပြီး လူတန်းလွှာအမျိုးမျိုး ၊ လူအမျိုးမျိုးအတွက် ကတိက၀တ်တွေ စီမံကိန်းတွေ ချပြပြီးမှဆော့ရပါတယ် ။ နည်းနည်းတော့ ရှုပ်ပေမဲ့ (အချိန်အကြာကြီးကစားရမယ်ဆိုပေမယ့်) တော်တော် ဆော့လို့ကောင်းတဲ့ ဂိမ်းတစ်ခုဖြစ်ပါတယ် ။

Trauma

ထိုနေ့က နေပူသည် ။ ထိုနေ့မှာပဲ မိုးရွာသည် ။ ထိုနေ့မှာပင် ချမ်းစိမ့်စိမ့်နှင့် အေးလာခဲ့ဖူးသည်။

ထွက်သက်နှင့် ၀င်သက်တို့ကြားတွင် ဘ၀ရှိခဲ့ဖူးသည် ။ ထွက်သက်နှင့် ၀င်သက်တို့ကြားမှာပင် ဘ၀ပျက်ခဲ့ဖူးသည် ။ လုံခြုံမှုရှိတဲ့နေရာမှာ ကြောက်ရွံ့ခဲ့ဖူးသလို ကြောက်ရွံ့မှုကြီးစိုးနေချိန်မှာပင် လုံခြုံခဲ့ဖူးသည် ။

ရှိစေတော့ ‘ရွှေ’ ။ ငါကိုယ်တိုင်လည်း နင့်အပေါ် ပုံအပ်ပေးဖူးသူ တစ်ယောက်မို့။

တိမ်ပေါ်မှာပဲ ကောက်ကြောင်းခြစ်ခဲ့ဖူးတယ် ။ လေတိုက်နှုန်းပြောင်းလဲလာတော့ ငါကိုယ်တိုင် ဘယ်ရောက်သွားလို့သွားတယ်ဆိုတာ မသိခဲ့ဘူးလေ ။

တကယ်ဆို နင်လဲ နေရာတကျ ၊ ငါလဲ အတည်တကျ ဖြစ်ရတော့မှာလေ ။ စိတ်ကိုကုစားဖို့အတွက် ၃၆၅ ရက်တိတိ ငါ့ကိုယ်ငါ လှည့်စားဖူးရဲ့ ။ အစီအစဉ်မကျပေမယ့် တော်တော်ပင်ပန်းတယ်။

ဖြတ်သန်းခဲ့ဖူးတယ် . . . . . ။ ရူးရူးမိုက်မိုက်ကို ဖြတ်သန်းခဲ့ဖူးပါတယ် ။ ပင်လယ်ကိုဖြတ် ၊ တောင်တွေကိုကျော်ဖို့မပြောနဲ့ ကမ္ဘာတစ်ပတ်ပြည့်အောင်လည်ဖို့ကို ထိုင်စောင့်နေရတာတောင် စိတ်သိပ်မရှည်ချင်ဘူး ။

တံခါးတစ်ချပ်ပဲခြားပေမယ့် ဟိုဘက်နဲ့ ဒီဘက် သော့ကိုယ်စီ ခတ်ထားကြတာလေ ။ နှလုံးသားနုနုကို ကျောက်စက်နဲ့စားလိုက်သလို နင့်နာမည်တွေဆူညံ ၊ နှလုံးသွေးတို့ကရဲခနဲ ၊ သံယောဇဉ်လက်ကျန်က တည်းတည်းကျန်တော့တယ်။

နင့်အတွက် စာအုပ်တစ်အုပ်သာ ဖြစ်ခွင့်ရမယ်ဆိုရင် ဘာမှမရေးရသေးတဲ့ စာရွက်လွတ်တွေနဲ့ ပြည့်နေတဲ့ စာအုပ်တစ်အုပ်ဖြစ်ချင်သလို နင့်နာမည်အပြည့်ရေးထားတဲ့ စာအုပ်တစ်အုပ်လဲ ဖြစ်ခွင့်ရချင်သေးတယ် ။

ကပ္ပလီပင်လယ်ပြင်မှာ မုန်တိုင်းရှိတာ ကျွန်တော် မသိပါ ။ မနက်စာစားပြီးပြီလား ကျွန်တော်မသိပါ ။ မနေ့ညက အိပ်ခဲ့ရလား ကျွန်တော်မသိပါ ။ ပြဿဒါးလား ရက်ရာဇာလား ကျွန်တော်မသိပါ ။ ပြန်လည်မတွေးရဲ၍ မေ့ပစ်ခဲ့ဘူးသည် ။

ထိုနေ့က နေပူသည် . . . . . . . . . . . ။

ထိုနေ့မှာပဲ မိုးရွာသည်. . . . . . . . . .  ။

ထိုနေ့မှာပင် ချမ်းစိမ့်စိမ့်နှင့် အေးလာခဲ့ဖူးသည် ။

Notes

အတွေး

လေယာဉ်ပျံပေါ်က လူတစ်ယောက် မြေကြီးကို ငုံကြည့်ပြီး သူဘယ်လောက်မြင့်နေလဲဆိုတာ တွေးနေတယ် ။

ကားတစ်စီးပေါ်က လူတစ်ယောက် မြေကြီးကို ငုံကြည့်ပြီး သူဘယ်လောက်မြန်နေလဲဆိုတာ တွက်နေမယ် ။

မြေကြီးပေါ်က လူတစ်ယောက် မြေကြီးကို ငုံကြည့်ပြီး သူဘယ်လမ်းသွားနေလဲဆိုတာ စဉ်းစားနေလိမ့်မယ် ။

= = = = = = = = = = = = = = = = = = = = = = = = = = = Continue reading

By nyiminn Posted in Notes

ကျွန်တော်နှင့် လမ်းလွှဲများ

ဒီရက်ပိုင်း ကျွန်တော် စာရေးတာနဲ့ တော်တော်ကြီး အဆက်ပြတ်သွားတယ်။ ကြားထဲမှာရေးချင်စိတ်ရှိပေမယ့် အကြောင်းကြောင်းကြောင့် မရေးဖြစ်ခဲ့ပါဘူး။ ဒါပေမယ့် ရေးစရာအကြောင်းအရာတွေက ခေါင်းထဲမှာတော့ရှိနေတယ်။ ကြီးကြီးကျယ်ကျယ်မဟုတ်ပါဘူး တွေးမိတဲ့အကြောင်းအရာလေးတွေပါ။ လောလောလတ်လတ် ခေါင်းထဲရောက်လာတာက ဧရာဝတီ ဖြစ်နေတယ်။
လွန်ခဲ့တဲ့အချိန်ကာလတစ်ခုဆီက မေခ နဲ့ မလိခ ဆုံပြီး သန့်ရှင်းကြည်လင်တဲ့ ဧရာဝတီ မွေးဖွားလာခဲ့တယ်။ သူ့အတိုင်းအတာနဲ့သူ မြန်မာပြည် မြောက်ဘက်ကနေ တောင်ဘက်ကို စီးဆင်းမြဲစီးဆင်းနေရဲ့။ သူ့အပေါင်းအသင်းတွေက ချင်းတွင်းတို့ သံလွင်တို့ပေါ့။ ဧရာဝတီကို အနီးကပ်စောင့်ရှောက်နေရတဲ့သူတွေလဲ ရှိသေးတယ်။ သစ်ပင်တွေနဲ့ မြေဆီလွှာတွေပါ။ သစ်ပင်က မြေဆီလွှာကို ထိန်းသိမ်းပေးထားပြီး မြေဆီလွှာက ဧရာဝတီရဲ့ လမ်းကြောင်းကို ထိန်းသိမ်းပေးထားပါတယ်။ အချိန်တစ်ခု အဲ့အချိန်က ဧရာဝတီ စပြီးအခြေပျက်တဲ့ တစ်နေ့ပေါ့။ ဧရာဝတီရဲ့ စီးဆင်းရာလမ်းကြောင်းမှာ လူတွေပြုလုပ်ထားတဲ့ တံတားတစ်ခု(စစ်ကိုင်းတံတား) ကိုဆောက်လုပ်ထားတယ်။ သူ့အလျှင်နဲ့သူ စီးဆင်းနေရာက ရေလယ်တိုင်တွေကြောင့် စီးဆင်းနှုန်းကျသွားတဲ့အပြင် လမ်းကြောင်းတစ်လျှောက် သယ်ဆောင်လာတဲ့ နှုံး(အနည်)တွေက အနည်ထိုင်လာပါတော့တယ်။ အဲ့ဒီမှာဖြစ်လာတဲ့ပြသာနာကတော့ မြစ်ကြောင်းအတွင်း သောင်ထွန်းမှုပါပဲ ။
မြစ်အလယ်မှာ သဲသောင်တွေထွန်းလာတော့ မြစ်ကြောင်းက နည်းနည်းပြောင်းသွားပြီ။ ဒါပေမယ့် ဒီဟာ စစ်ကိုင်းတံတားဆောက်တာ တစ်ခုလေးပဲရှိပါသေးတယ်။ လူတွေ လိုအပ်ချက်အရ ၊ ဒေသလိုအပ်ချက်အရ ကောင်းကျိုးတွေရှိသလို ဆိုးကျိုးတွေရှိတယ်ဆိုတာလဲ ကျွန်တော်တွေးကြည့်တာပါ။ ထားတော့ ဆက်ရအောင်။ မြစ်ကြောင်းပြောင်းလဲမှုကလဲ ပြောသလောက်ကြီး မပြောင်းသေးဘူး ။ ဘယ်ပြောင်းမလဲဗျ ကမ်းပါးမှာရှိတဲ့ သစ်ပင်တွေက မြေဆီလွှာကို ထိန်းသိမ်းပေးထားတာကိုး ။ ကံကြမ္မာအရ ဧရာဝတီ ပေါ်မှာ တံတားတွေကများလာတယ်။ စီးဆင်းနှုန်းအရင်ထက်ပိုကျလာတယ်။ သဲသောင်တွေအရင်ထက်ပိုထွန်းလာတယ်။ မြစ်ကြောင်းတွေအရင်ထက် ပိုပြီးပြောင်းလာတယ်။
ပိုဆိုးတဲ့အချက်က မြစ်ကမ်းဘေး သစ်ပင်တွေနဲ့ ဝေေ၀ဆာဆာမြင်တွေ့ရတဲ့ဒီနေ့ ။ မနက်ဖြန်ပြန်လာကြည့် ဘာသစ်ပင်မှမရှိတော့ဘူး ပုဂ္ဂလိကပိုင်ကုမဏီတွေက နိုင်ငံတော်က ချပေးထားတဲ့ လုပ်ပိုင်ခွင့်တွေနဲ့ ခုတ်ယူလှဲပစ်လိုက်တာပါပဲ။ ထို့အတွက်လဲ မည်သည့်အကျိုးခံစားခွင့်မှ မရတဲ့အပြင် ဧရာဝတီခမျာ သူငယ်ချင်းမြေဆီလွှာနဲ့ အုပ်ထိန်းသူသစ်ပင်များကို ဆုံးရှုံးခဲ့ရတဲ့အပြင် သူကိုယ်တိုင်လဲ အသက်ရှင်ရပ်တည်ဖို့အတွက် တော်တော်ကြီးကြိုးစားနေကြရပါတယ်။ ဧရာဝတီဘက်က ရပ်တည်ပေးခဲ့တဲ့သူတွေအတွက်လဲ ဟိုနေ့ကတင် ပြစ်တင်ရှုံ့ချခံရပါတယ်။ ‘ကိုယ့်တာကိုယ် လုံပစေ၊ ရွှေသမင်ဘယကထွက် မင်းကြီးတာက ထွက်’ ဆိုသလိုပါပဲဗျာ။ ဘယ်သူမှမလုပ်ခဲ့ပါဘူး။ လူအနည်းစုကောင်းစားရေးအတွက် ဧရာဝတီက စတေးပေးရမယ်ဆိုတာကတော့ မဖြစ်သင့်ဘူးလို့ထင်မိပါတယ်။ ‘သူ့ဆန်စားလျှင် ရဲရမည်’ ဧရာဝတီဆီကယူထားသူတွေ ဧရာဝတီကို ကာကွယ်ပေးကြရမည်။ ဘယ်သူမှတာဝန်ရှိလဲ ကျွန်တော်မသိပါဘူး။ ဒါပေမယ့် ဘယ်သူ့မှာဘာတာဝန်ကြီးပဲရှိနေရှိနေ ဧရာဝတီကို ရှင်သန်စေဖို့အတွက်တော့ အားလုံးမှာ တာဝန်ရှိတယ်။
လူ့ဘောင်ကို တာဝန်က တွန်းအားပေးထားသည်။ ပျက်မလား၊ နေမြဲအတိုင်းလား၊ မြင့်မားတိုးတက်မလား ဆိုသည်မှာ တာဝန်အပြည့်မထမ်းလျှင် ပျက်သည်၊ တာဝန်ကျေရုံမျှထမ်းလျှင် နေမြဲအတိုင်းဖြစ်မည်၊ လိုလိုလားလားနှင့် ပိုကောင်းအောင်ထမ်းဆောင်လျှင် တိုးတက်မည်ပင်ဖြစ်သည်။ ပြည်သူ့နီတိနှင့် လူသားခံယူချက်ကို ကြည့်လျှင် တာဝန်သိစိတ်သည် သူ့ဆန်စားရဲရသော အဖြစ်ထက်အများကြီးပိုမိုမြင့်မြတ်သည်ဟု ထင်မိပါသည်။

နွေရာသီသို့ . . .

မြင်နိုင်မယ်ဆိုရင် နင့်ဘေးနားမှာရှိနေတဲ့ ငါ့ကိုတစ်ချက်လောက် မေးကြည့်ပေးပါ့လား ။ နင်ဘာမေးမေး ငါဘယ်တော့မှ စိတ်ထဲမရှိဖြစ်တာ နင်ယုံပါ ။ ငါ ငါ့အတွက်နေရာတစ်နေရာလောက်ပဲ ငါလိုက်ရှာနေတာပါ ။ ဘယ်လိုပဲပြောပြော နင်သာငါ့ ဒိုင်ယာရီထဲက စကားလုံးတွေဖြစ်ခဲ့သလို ၊ နင်သာ ဘ၀မှာ အကြာရှည်ဆုံးသော ဆုတောင်းပေးသူတစ်ယောက်ပါ ။ တခြားဘယ်အကြောင်းပြချက်နဲ့ပဲဖြစ်ဖြစ် မဖြစ်နိုင်ပါဘူးလို့နင်ငြင်းခဲ့ရင် နှုတ်ဆိတ်နေပေးမဲ့သူက ငါပဲဖြစ်နေလိမ့်မယ်ဆိုတာ ။ နင်ကြိုက်ရဲ့လား ။
တစ်စုံတစ်ခုက ငါတို့သွားမဲ့လမ်းမှာ ပိတ်ထားခဲ့မယ် ။ အဲ့ဒီတစ်ခုခုကိုပဲ ငါတို့ ဖြိုခွင်းသွားခဲ့ကြရလိမ့်မယ် ၊ ဒါမှမဟုတ်ရင် တခြားလမ်းကိုပဲ ရွေးရတော့မှာ ။ ရော့ခ်မလိုပါဘူး ၊ ဂျက်စ်လဲမလိုပါဘူး ၊ မဒ်ဒယ်တွေ အော်တာတွေ အသာထား နင့်အသံပဲ ငါ့ဘ၀ရဲ့ ဆည်းလည်းပါ ။ ကျောက်စက်ရေ တစ်မိုးအောက်ရောက်နေသလို ဘယ်လိုတားတား သိပ်သည်းထုထည်ကြီးများတဲ့ ကျောက်သားကြားက ဖောက်ထွင်းလာတဲ့ ရေတစ်စက်လိုပဲ ငါဟာ အမြဲတမ်းအေးမြနေမှာပါ ။ အရောင်ပြောင်းတတ်တဲ့သူတွေကြားက ငါ့ဓလေ့တွေ ယဉ်ကျေးမှုကိုယ်စီဆွဲကိုင်ထားတဲ့ အတ္တကောင်တွေကြားမှာ ငါဟာ ဘယ်တော့မှ နူးညံ့မသွားနိုင်ပေမယ့် ပန်းတစ်ပွင့်ကို နမ်းရှိုက်လို့ရအောင် ငါ ပျိုးထားတယ်။
တချို့တွေက ဘ၀မှာ အချစ်ကို အမှားလို ကိုးကွယ်နေသူတွေရှိသလို အချစ်ကို တမျိုးယူ စားသုံးနေကြသူတွေလဲရှိရဲ့ ။ လိုအပ်မယ်ဆိုရင် ငါ့ကို စားပါ . ။ မီးခိုးတွေ အထက်ကို တည့်တည့်တက်စေချင်တဲ့အခါမှာ လေငြိမ်ပေးမှဖြစ်သလိုပါပဲ ။ အမှားအမှန် ငါမခွဲခြားနိုင်တော့ပေမယ့် ကံတရားကလဲ ဆန်းလှပေရဲ့ ။
စောင့်ကြည့်ဖူးတဲ့ လပြည့်ညလိုပါပဲ သူမမရှိတော့ရင် . . . . ။
မနက်ရောက်တဲ့အထိ ငါလွမ်းဖျားဖျားဖူးတယ် ။ ပြန်ကောင်းတော့ ငါဘာကိုမှ မမှတ်မိတော့ သူ့အကြောင်း ၊ သူ့နာမည် ၊ သူ့အသံ ၊ အားလုံးအားလုံးပေါ့ သူနဲ့ပတ်သက်သမျှအားလုံးကို မသိစိတ် နဲ့ သိစိတ် ကြားမှာ ဝေခွဲမရရင်း သတိရတချက်မရတချက်နဲ့ပေါ့ ။

လွန်လေပြီးသော စက္ကန့်အချို့က စကားလုံးတွေ ငါမသိတော့ . . . . .
လွန်လေပြီးသောအတိတ်က ချစ်သူ ငါမသိတော့ . . . . . . .
လွန်လေပြီးသော ဘ၀ ငါမမှတ်မိတော့ . . . . . . . . .
အလင်းထဲက လူတစ်ယောက်ကို အမှောင်ထဲက ချောင်းကြည့်သလိုပါပဲ ဒါပေမယ့် ငါ့လိပ်ပြာ ငါလုံတယ်။

နင်နေတဲ့ဆီမှာ နီယွန်တွေထွန်းကားချိန်ကပေါ့ ငါ ဖယောင်းတိုင်မီးနဲ့ပဲ ထိုင်လွမ်းတယ် ။
နင်နေတဲ့ဆီမှာ အထပ်မြင့်တိုက်တွေ ထွန်းကားတုန်းကပေါ့ ငါ လမ်းဘေးကနေပဲ ထိုင်လွမ်းတယ် ။
နင်နေတဲ့ဆီမှာ ရာသီဥတုသာယာတုန်းကပေါ့ ငါ မိုးသည်းထဲမှာထိုင်ငိုခဲ့ဖူးတယ် ။
အစကတော့ ငါ့ကိုယ်ငါ အမှောင်ထဲမှာ အလင်းပျောက်နေတယ်လို့ ထင်ထားတာ ၊ အမှန်တော့ ငါဟာ အမှောင်ထဲမှာကို အမှောင်ပျောက်နေတာပါ ။
ဘာပဲဖြစ်ဖြစ်ပါ မှတ်မိတယ် ရွှေတိဂုံ . . . ။
မှတ်မိတယ် ရန်ကင်း ၊
မှတ်မိတယ် တောင်ဥက္လာ ၊
မှတ်မိတယ် တက်စ်စီ ၊
မှတ်မိတယ် ကုက္ကိုင်းမီးပွိုင့် ၊
မှတ်မိတယ် feel ၊
အိပ်မက်လိုပါဘဲ အတိတ်ဆိုတာ ဘယ်တော့မှ ပြန်မရနိုင်တဲ့ အိပ်မက်အဟောင်းတစ်ခုပါ ။ ငါမှတ်မိသမျှအားလုံးကို နင်မေ့ပြီး ပြန်လာပါ ။ (တချိန်က နွေရာသီသို့) . . . ။

အခုမှ ပြောဖြစ်တဲ့ အတိတ်ကလက်ရေး

ကိုယ့်အတွက် မပွင့်မှန်း

သိပါရဲ့ …….

ကိုယ် က လည်း

မျက်ရည်ကိုပဲ ငိုမိတယ်

 

မိမွန်

 

ခေါ်သံတွေ မကြားရတော့တဲ့အခါ

 

ပင်လယ် ဟာ သူ့ အလိုလို

ငြိမ်းဆိတ်သွားမှာပါ…..

 

နာရီတွေ က အိမ်မပြန်တတ်ကြဘူးတဲ့

ငါတော့ ရူးချင်တာပဲ

 

မိမွန်

 

 

လွဲချော်ရုံ သက်သက်ပဲ ငါတို့ ဝေးခဲ့ကြ

အမှောင်ရှ ထားတဲ့ ညဟာ အိမ်မက်ငတ်နေတုန်းပဲ

တိမ်တွေ ရဲ့  အစွန်း နှစ်ဖက်မှာ

ငါ့တို့  နှုတ်ခမ်းတွေ ဟာ ချိတ်ဆက် လို့ 

ကိုယ့်အဖျား နဲ့ ကိုယ်

ဆေးထိုးမှားခဲ့ကြပေါ့…..

 

ဧရိယာပြင်ပ ဆိုတဲ့

ဓာတ်ပုံထဲက အသံ က

နံရံတွေ ပေါ်

တံတိုင်းတွေပေါ်

အခန်းထဲကဗလာစာရွက် အလွတ်တွေပေါ်

ပြန့် ………ကျဲ ………ပဲ့………..ကျ

 

 

ကျွန်တော် က သူ့ အတွက် ဒုတိယ လူ

ဖြစ်ကောင်းဖြစ်ခဲ့……..

သူ့ အသက်ရူသံ ကြောင့်

ဒီဒဏ်ရာတွေ ကို လည်း မတင်းတိမ်ဘူး…. ။

 

 

ကိုယ်ပေါ်မိုးထားတဲ့ သူ့ အရိပ်ထဲ

အဆိပ်ဖဲ တွေ ပွင့်တယ်….

နေလောင်ထားလို့  ငန်တဲ့ ပင်လယ်အကြောင်း

သူ   မသိရှာ ဘူး မိတ်ဆွေ…….

ပြောပြပေးလိုက်ပါ   !

 

အခုဆိုတာ နောက်လာမယ့်နှစ်ကြရင် အတိတ်ဆို ပြီး

အနာဂတ်ကိုမျှော်ကြည့်မိတာပါ လို့ ……. ။ ။ ။ ။

 

သူငယ်ချင်း ဂျူလိုင် ဆီကနေ ကြိုက်လို့ကူးထားတဲ့ ကဗျာပါ ။

ဖွင့်ဟ၀န်ခံချက်

အဓွန့်ရှည်သော ကာလအတွင်း

ဆည်းဆာတို့ မြေပြင်ပေါ်ခိုဝင်စေ…

သန့်ရှင်းဖြူစင်သော လေပြေတို့၏

ရယ်မောသံကိုကြားရစေမည်….။

လောကတစ်ခုလုံးမွေးပျံ့သွားစေရန်

ချစ်ခြင်းက တာဝန်ယူပါ၏

အိပ်မက်ကဲ့သို့

ရှေ့ကထွက်မသွားပါနှင့်

တလှမ်းချင်းလာလော့ သိမ်မွေ့ခြင်းများ ။

အို….မော်ဒန်လောက ၊

ရင်မှာခံစားရတာတွေကို တဆင့်ပြောပေးပါ။

၁၃ သောကြာ ပြသာဒါး

မိုးသားတွေ ကောင်းကင်ယံမှာ တဖြေးဖြေး တရိပ်ရိပ်တက်လာကြပြီ ။ မော့ကြည့်လိုက်ရင် ကောင်းကင်ပြာတခြမ်း ၊ တိမ်တိုက်တခြမ်း ။ အလင်းတခြမ်း ၊ အမှောင်တခြမ်း ။ အပြာရောင်ကောင်းကင်ကြီးဟာ သိပ်မကြာခင်မှာပဲ ကြည့်နေရင်းနဲ့ ပိုင်ဆိုင်သမျှကို တိမ်ညိုတိမ်လိပ်တို့က ဖုံးအုပ်ပြီး မိုးသီးမိုးပေါက်တွေအဖြစ် ကျဆင်းလာတယ် ။

သူ မျက်လုံးကို စုံမှိတ်ပြီး အကြိမ်ကြိမ်ခေါင်းကို ခါရမ်းနေမိတယ် ။ လက်ထဲမှာကိုင်ထားမိတာက ရွက်စုတ်ပြက္ခဒိန်က ဒီနေ့နေ့စွဲနဲ့ အောက်ခြေမှာက ပြသာဒါး ၊ နဂါးခေါင်းက သူ့ဘက်မှာ ။ သူမ လက်ထပ်သွားပြီ ။

ဟိုးခပ်ဝေးဝေးက တောင်ညိုတွေကိုကြည့်အုံးမလား တိမ်တွေကြောင်းကွက်တိကွက်ကြားအရိပ်ကျနေတယ် ။ ဘာတစ်ခုမှပြန်မရနိုင်တော့တဲ့ အိပ်မက်တွေ ၊ မျှော်လင့်ချက်တွေ ၊ နားလည်မှုကိုယ်စီတွေနဲ့ ကြည်နူးခြင်းတွေ ၊ သစ္စာနဲ့မေတ္တာတရားတွေ မေ့ပစ်နိုင်ဖို့ကြိုးစားရင်းနဲ့ စီးကရက်တစ်လိပ်ထုတ်ပြီး မီးငြိမိပြန်တော့ သက်ပြင်းသဲ့သဲ့ ဖြေးဖြေးချ ပြန်ကြားယောင်မိတာက သူမရဲ့စကား ချက်ခြင်းဆိုသလို သူ မီးငြိလက်စ စီးကရက်ကို လွင့်ပစ်ပြီး နင်းခြေမိလျက်သားဖြစ်နေပြီ ။

= = = = = = = = = = = = = = = = = = = = = = = = = = = = = = = = = = = = = =

မိုးတိမ်တိုက်တွေ အဆုပ်လိုက် ကောင်းကင်မှာ ပျံဝဲနေစဉ် ဟိုး . . . တစ်ချိန်က ။ သူမ စာရွက်တချို့ကိုင်ဆောင်ထားလို့ အရာရာကြီးမြတ်ခြင်းလို့ ခံယူထားတဲ့နေ့ ။ နိုင်ငံခြားတက္ကသိုလ်တစ်ခုက စကောလားရှစ်စာမေးပွဲကို သူမ အောင်မြင်လာတဲ့နေ့ပေါ့ ။ ပျော်ရွှင်မှုတွေနဲ့ ရောပြွန်းနေတဲ့ သူမမျက်နှာ အပြုံးပန်းတစ်ရာမက ပွင့်ဖူးခဲ့တယ် ။ သူက သူမ အောင်မြင်မှုတွေအတွက် ၀မ်းမြောက်ပေမယ့် ရင်ထဲမှာ လျှို့ဝှက်စွာသိမ်းထားတဲ့ ဘာသာရပ်တချို့မှာ စာမေးပွဲကျခဲ့တယ်ဆိုတာ သူ သိနေခဲ့တယ် ။ သူ အောင်စာရင်းကို ရင်နဲ့ရင်းပြီးကြည့်ခဲ့ပေမယ့် သူမအတွက် ၀မ်းမြောက်မှုတွေကို မပျက်သုန်းမသွားအောင် ဘယ်သူမှဖွင့်ကြည့်လို့မရမဲ့နေရာတစ်နေရာမှာ ရင်တစ်ခြမ်းဟောင်းလောင်းပွင့်ခံပြီး သိမ်းထားခဲ့မိတယ် ။ ဆုံနေကြနေရာလေးကပြန်တော့ အဓိပါယ်မဲ့စွာ ဒိုင်ယာရီထဲ သူမ နာမည်တွေ စာမျက်နှာ ၆ မျက်နှာလောက် မရပ်မနား ရေးနေမိတဲ့ သူ့ကိုယ်သူ နားမလည်နိုင်တော့ဘူး ။ ဘာပဲပြောပြောပါ သူမ နောက် ၂ ပတ် နေရင် သူ့ကိုထားပြီး နိုင်ငံရပ်ခြားမှာ တစ်ယောက်တည်းနေထိုင်ရတော့မယ် ၊ သူ သူမကို နားလည်ချင်တယ် ။ သူ သူမကို စိတ်ချစေချင်တယ် ။ သူ သူမကို အောင်မြင်စေချင်တယ် ။ သူ သူမကို ပျော်ရွှင်စေချင်တယ် ။ အတွေးတို့က သူ့ ခေါင်းထဲ ဥဒဟို သွားလာနေကြတယ် ။ အမှတ်တမဲ့ သူ ပြက္ခဒိန်ကို ကြည့်မိလိုက်တော့ မနက်ဖြန် ၁၄ ရက်နေ့ (တနင်းလာနေ့) ။

= = = = = = = = = = = = = = = = = = = = = = = = = = = = = = = = = = = = = =

၂၅-၃-၂၀၁၀

မိုးကောင်းကင် ကြည်လင်ပြီး သာယာနေတယ် ။ သူ့ ရင်ထဲမှာ အမည်မဖော်နိုင်တဲ့ မိုးတိမ်တွေ အုံ့ဆိုင်းနေတယ် ။ သူမကို မနေ့က လေဆိပ်ကိုလိုက်မပို့တော့ဘူးပြောခဲ့မိပေမယ့် ဒီမနက်ကျတော့ သူမ အစစအရာရာ အဆင်ပြေရဲ့လားဆိုတဲ့ အတွေးနဲ့ သူမအိမ်ကို အစောကြီးရောက်နေမိတယ် ။ သူမ မေ့မကျန်သင့်တာတွေ အကုန်ပြန်စစ်ပေးရင်းနဲ့ သူမ မျက်နှာ ခဏခဏခိုးခိုးကြည့်မိတယ် ။ သူမကတော့ သူ ခိုးကြည့်နေတာကိုတွေ သတိထားမိချင်မှထားမိမယ် ။ သူမ အလွန် စိတ်လှုပ်ရျားနေတာကိုး ။ သူနားလည်ပါတယ် ။ Terminal ထဲထိ သူမ၀င်တော့ပဲ ကားပေါ်မှာပဲစောင့်နေခဲ့ဖို့ လုပ်ပေမယ့် သူမ က အတင်းခေါ်လို့ လိုက်သွားခဲ့ရပါတယ် ။ သူမအမေက မှာလိုက် သူမ က သူမအမေကို မှာလိုက်နဲ့ လေယာဉ်ထွက်ချိန်နီးတဲ့အချိန်အထိ မပြီးကြသေးပါဘူး ။ သူမ စီးနင်းလိုက်ပါသွားမဲ့ လေယာဉ်ကြီးက ရပ်နားရမဲ့နေရာမှာ ရပ်ထားနေပြီ ။ သူ လေယာဉ်ကြီးကို ကြည့်ရင်း ချက်ချင်း မနာလိုဖြစ်လာမိတယ် ။ သူမ အမေနဲ့ပြောဆိုပြီးတဲ့နောက် သူ့ဆီကို လှည့်လာပြီး သူမ အဆင်ပြေအောင်နေမှာဖြစ်ကြောင်း ၊ သူ့ကို ဆေးလိပ်တွေ မသောက်သင့်တော့ကြောင်း ၊ သူ့ကို လိမ်လိမ်မာမာနေဖို့အကြောင်း တွေသူမ ပြောနေပေမယ့် ။ သူ ခေါင်းငြိမ့်မိလား မငြိမ့်မိလားမသေချာပေမယ့် သူမ နောက်ဆုံးပြောသွားတဲ့ သူမ အမြန်ပြန်လာခဲ့မယ် ၊ သူ့ကို သတိရနေမယ် ဆိုတာပဲ ထပ်ခါထပ်ခါကြားနေမိတယ် ။ ဒီလိုနဲ့ သူမ တဖြေးဖြေး သူ့ အိပ်မက်တွေထဲက ထွက်ခွာသွားခဲ့တယ် ။

= = = = = = = = = = = = = = = = = = = = = = = = = = = = = = = = = = = = = =